Tuesday 30 December 2008

Happy New Year

Happy New Year ပါနော်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ငယ်လေး ဆုတောင်းပေးလိုက်ပါတယ်နော်။

Happy New Year

















Saturday 27 December 2008

သူငယ်ချင်းဆိုတာ

လူများတွေကတော့ သူငယ်ချင်းဆိုတာကို ဘယ်လိုသဘောထားလဲ မသိဘူး။ ငယ်လေးကတော့ သူငယ်ချင်းတွေကို အရမ်းလဲခင်တတ်တယ်။အရမ်းလဲ ချစ်တယ်။ သူငယ်ချင်းဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့နော်။ ရင်ထဲမှာ ရှိတာကိုပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ်လို့လဲ ထင်တယ်။ ဒီလိုမှမဟုတ်ပဲ ဘာမှမပြောပဲ သိမ်းထားရင် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲစရာတွေ ရှိလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ညစ်စရာ ဆိုလဲ အေးတူပူမျှပေါ့နော်။အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပွင့်လင်းပါ။တိုင်ပင်လို့လဲ ရပါတယ်။ သူငယ်ချင်းတွေကြားထဲမှာ စိတ်ဝမ်းကွဲတာမျိုးလဲ မဖြစ်ချင်ပါဘူး။ မြန်မာနိုင်ငံမှာ နေတာချင်းအတူတူ ဆုံတွေ့ဖို့ အကြောင်းပါလာလို့ ရေခြားမြေခြားမှာ လာတွေ့ရတာပါ။ တွေ့ဆုံတုန်း ချစ်ချစ်ခင်ခင်နဲ့ နေသွားချင်ပါတယ်။ စိတ်လဲမဆိုးစေချင်သလို စိတ်လဲ မကောက်စေချင်ပါဘူး။ တစ်နေ့မှာ ခွဲရမှာကို သိနေပေမဲ့ အခုချိန်မှာ ပျော်ပျော်ရွှင်ရွှင် ပဲနေချင်တယ်။ နောင်တစ်ချိန် ပြန်စဉ်းစားရင်လဲ အော် ငါတို့အရင်တုန်းက ဒီလိုလေးတွေ ပျော်ခဲ့ရပါလား ဆိုပြီး စိတ်လဲချမ်းသာရပါတယ်။ အဲ့ဒီတော့ စိတ်ဆိုး စိတ်ကောက် အထင်လွဲနေမဲ့အစား ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားရအောင်နော်။

ငယ်လေးစိတ်ထဲမှာ ရှိတာကို ရေးလိုက်တာပါ။ အမှားပါရင်ခွင့်လွှတ်ပေးပါနော်။အားပေးသော သူငယ်ချင်းများကို ကျေးဇူးတင်လျှက်ပါ။

အဖြည့်ခံ

အဖြည့်ခံဆိုတဲ့ သဘာဝ
နောက်ချန်နေခဲ့ရတာ များတယ်တဲ့
ရပါတယ်
သူသာရှေ့ဆုံးရောက်မယ်ဆို
ကိုယ်က ဟိုး နောက်ဆုံးမှာ နေရစ်ခဲ့ရမှာပေါ့။
အဖြည့်ခံဆိုတဲ့ ပညတ်ချက်
စွန့်လွှတ်ခြင်းသာ ပဓာနတဲ့။
ကိစ္စမရှိပါဘူး
ပိုင်ဆိုင်ခြင်းတွေ သူရဖို့
ဘာတွေ ပေးဆပ်ရမလဲ
ကိုယ်မငြိုငြင်ပါဘူး။
အဖြည့်ခံ ဆိုတဲ့ သီအိုရီ
ခွင့်လွှတ်ခြင်းသာ အဓိကတဲ့
နေပါစေ
သူ ပျော်မယ် ဆိုရင်
ရှုံးနေရင်လဲ ကိုယ် ပြုံးနေပါ့မယ်။
တစ်ကယ်တော့
အဖြည့်ခံ ဆိုတာ
ချစ်သူ လိုအပ်သမျှ ဖြည့်ဆည်းပေးဖို့
ဗီးနပ်စ် ဖန်ဆင်းပေးခဲ့တဲ့
သက်ရှိ အရုပ်လေး တစ်ရုပ်ပေါ့။
ဝေးပေမဲ့လည်း
အနီးဆုံးမှာ ရှိနေခဲ့တယ်။
တစ်ခါတစ်လေ
နီးနီးလေးပေမဲ့လည်း
အဝေးဆုံးကို လွင့်ပေးခဲ့ရတယ်။

ဘာပဲပြောပြော
အဖြည့်ခံဆိုတာ
အဖြည့်ခံပါပဲလေ။

ငယ်လေးစာရေးဖို့ စဉ်းစားနေတာ။ဘာရေးရမှန်းမသိလို့လေ။ ဒီကဗျာလေး ကြိုက်လို့တင်လိုက်တာပါ။ တစ်ကယ်တော့ အချစ်ကဘာလဲဆိုတာ ငယ်လေး သေသေချာချာ မပြောတတ်ပါဘူး။ဒါပေမဲ့ ငယ်လေးသိခဲ့တဲ့ အချစ်တွေကတော့ မကောင်းဘူးရှင်။ ဒီအဖြည့်ခံ ဆိုတဲ့ ကဗျာလေးအတိုင်းပဲ ငယ်လေးချစ်ပေမဲ့လည်း စွန့်လွှတ်ပေးခဲ့ ရတာတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှလဲ မဟုတ်ပါဘူး။ သူနဲ့ဝေးနေရပေမဲ့လည်း သူရှိနေတယ် ဆိုတာနဲ့တင် အရာရာပြီးပြည့်စုံနေပါပြီ။

Thursday 25 December 2008

Merry Christmas

သူငယ်ချင်းများ အားလုံးပျော်ရွှင်ပါစေနော်။

လူတစ်ယောက်ကိုအရမ်းမယုံကြည့်မိဖို့...

လူတစ်ယောက်ကို အရမ်းမယုံကြည်မိဖို့ ငယ်လေးပြောချင်ပါတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာလောက် ခံရခက်တာ မရှိပါဘူး။ အွန်လိုင်းမှာ ဖြစ်ခဲ့တဲ့ဇာတ်လမ်းလေးကို ငယ်လေးပြောပြမယ်နော်။နာမည်တော့ ငယ်လေးမပြောပြတော့ပါဘူး။ ကောင်လေးနဲ့ကောင်မလေးက ဂိမ်းဆော့ရင်းနဲ့ တွေ့ကြတာလေ။ အဲဒီမှာ ရင်းနှီးသွားပြီး ဂျီမေးလ်တွေဘာတွေတောင်းပြီး စကားတွေပြောဖြစ်ကြတယ်။ သိပ်မကြာပါဘူး ထုံးစံအတိုင်း ဟဲဟဲ ကောင်လေးက ကောင်မလေးကို ရည်းစားစကားပြောလိုက်တယ်လေ။ အစကတော့ ကောင်မလေးက သိပ်မယုံလို့ အဖြေမပေးသေးဘူး။ ကောင်လေးကလဲ ကောင်မလေးယုံအောင်လို့ ပြောတာပေါ့။နေ့တိုင်းလဲ ကောင်မလေးအွန်လိုင်းမှာ မရှိရင် ကောင်လေးက ဖုန်းဆက်ပြီး ကောင်မလေးနဲ့ စကားပြောတယ်။ကြာတော့ ကောင်မလေးလဲ ကောင်လေးအပေါ် သံယောဇဉ်ရှိလာတယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ ကောင်မလေးက ကောင်လေးကို အဖြေပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရည်းစားဖြစ်ပြီး နှစ်လကျော်ကျော်လောက်မှာ ကောင်လေးက အချိုးပြောင်းလာတယ်။ ကောင်မလေးအပေါ် ဆက်ဆံတာ အရင်ကနဲ့မတူတော့ဘူး။ကောင်မလေးကလဲ သိတာပေါ့။ သိတော့ ကောင်မလေးကလဲ ကောင်လေးကို အလျှော့ပေးပြီး ဆက်ဆံလာတယ။် ကောင်မလေးက ကောင်လေးကိုချစ်မိသွားပြီလေ။ အရင်ကလိုလဲ မဆိုးတော့ဘူး။ ဒါပေမဲ့ မရပါဘူး။ တစ်နေ့မှာ ကောင်လေးက ကောင်မလေးကို လမ်းခွဲဖို့ပြောလာတယ်။ ကောင်မလေးက တော်တော်အံ့သြသွားတယ်။ တော်တော်လဲ မယုံကြည်နိုင်ဘူး။ ကောင်လေးဒီလိုပြောလိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူးလေ။ ကောင်မလေးက ကောင်လေးကို ယုံကြည်ထားခဲ့တာကိုး။ အရင်က ကောင်မလေး လမ်းခွဲစကားပြောရင်တောင် မကြိုက်တဲ့ ကောင်လေးက သူကိုယ်တိုင်ပဲ ကောင်မလေးကို လမ်းခွဲစကား ပြောသွားလေရဲ့။ အဲ့ဒါကြောင့် လူတွေက ပြောကြတာ။ တစ်ခါတစ်လေမှာ မထင်မှတ်ထားတာတွေလဲ ဖြစ်တတ်တယ်လို့။ ငယ်လေးပြောချင်တာက လူတစ်ယောက်ကို အရမ်းမယုံလိုက်မိဖို့ပါ။ ယုံကြည်မှုတွေ ဖျတ်ဆီးခံလိုက်ရရင် တော်တော်ကို ခံစားရခက်ပါတယ်။ ယောင်္ကျားတစ်ယောက်ကို အရမ်းကြီး မယုံမိပါစေနဲ့လို ငယ်လေးပြောချင်ပါတယ်။
ငယ်လေးသူငယ်ချင်းတွေကိုလဲ အဲ့လိုမျိုး အလိမ်မခံရစေချင်ဘူး။ တစ်ခုခု လုပ်မယ်ဆို သေချာစဉ်းစားပြီးမှ လုပ်စေချင်တယ်။ ရည်းစားထားတော့မယ်ဆိုရင်လဲ သူ့အကြောင်းသေချာစုံစမ်းပြီး ယုံကြည်ရတယ်ဆိုမှ အဖြေပေးစေချင်တယ်။အွန်လိုင်းပေါ်မှာ ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ အရမ်းမယုံကြည်မိပါစေနဲ့နော်။

Wednesday 24 December 2008

မေမေ့ကိုသတိရလို့

ငယ်လေးမေမေ့ကို သတိရလို့ ဒီစာလေးကိုရေးလိုက်တာပါ။ မေမေနဲ့မတွေ့ရတာ တော်တော်ကြာပါပြီ။ အင်း ပြောရမယ်ဆိုရင်တော့ ငယ်လေးတစ်သက်လို့ပဲ ပြောရမှာပေါ့။ ဒီဇင်ဘာကိုရောက်ရင် ပိုသတိရပါတယ်။ ဘာလို့လဲဆိုတော့ ငယ်လေးကို ဒီဇင်ဘာလ ၁၈ရက်နေ့မှာ လူ့လောကထဲကို ရောက်အောင်မွေးထုတ်ပေးခဲ့တဲ့လ မို့လို့ပါ။ မွေးနေ့ရောက်တိုင်း မေမေနဲ့အတူ တစ်ခါမှရှိမနေခဲ့ဖူးဘူး။ မေမေ့ကို အပြင်မှာတစ်ခါနှစ်ခါ လောက်ပဲမြင်ဖူးတာ ပြန်စဉ်းစားရင် ဝိုးတိုးဝါးတားပဲ သိပ်မမှတ်မိဘူး။ တစ်ခါတစ်လေ မေမေ့ကိုအရမ်းသတိရတာပဲ။ ငယ်လေးခုထိုင်ဝမ်မှာ နေ,နေရပေမဲ့ မပျော်ဘူး.မေမေရှိနေတဲ့ မြန်မာနိုင်ငံမှာပဲ နေချင်တယ်။ မေမေချက်ကျွေးတဲ့ ဟင်းတစ်ခွက်လောက်တော့ စားဖူးချင်သေးတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ မေမေနဲ့ပြန်ဆုံတွေ့ခွင့် ရချင်ပါသေးတယ်။ ငယ်လေးတို့ကို ဘယ်လိုပဲပစ်ထားခဲ့ပါစေ ငယ်လေးမေမေ့ကို မမုန်းပါဘူး။ မေမေ့ကို ငယ်လေးအရမ်းချစ်တယ်။ မေမေတို့မိသားစု ပျော်ရွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှင်စွာနေနိုင်ပြီး ကျန်းမာကြပါစေလို့ ငယ်လေးဒီကနေ ဆုတောင်းပေးပါတယ။်

ခရစ်စ္စမတ်အမှတ်တရ

Merry Christmas ပါနော်။ခရစ္စမတ် ပြီးရင် New Year က လာဦးမယ်နော်။ ခရစ်စ္စမတ်နဲ့ ပတ်သတ်ပြီး သူငယ်ချင်းတို့ဆီမှာ အမှတ်တရတွေရှိခဲ့ဖူးမှာပေါ့နော်။ငယ်လေးမှာတော့ ရှိခဲဖူးပါတယ်။ ပြန်စဉ်းစားရင် ရယ်လဲရယ်ချင်ပါတယ်။နှစ်တွေဘယ်လောက်ကြာကြာ ဒါလေးကိုတော့ မမေ့ဘူးရှင့်။ ဒီလိုပါ ငယ်လေးတို့နေတာက မြောက်ဥက္ကလာမှာလေ အဲ့ဒီမှာစာအုပ်ဆိုင်ဖွင့်ထားတာပေါ့။ ငယ်လေးတို့ဘေးမှာက ဆေးဆိုင်ရှိတယ်။ဆေးရောင်းတဲ့ဦးလေးက ခရစ်ယာန်ပေါ့။ခရစ်စ္စမတ် နေ့မရောက်ခင်တစ်ရက် သူကပြောတယ် သူတို့အိမ်မှာ မုန့်ကြွေးမယ်ပေါ့ နင်တို့လိုက်မလားတဲ့ ငယ်လေးတို့ကလဲလိုက်မယ်ပေါ့ ဟဲဟဲ(အစားဆိုရှေ့ဆုံးကလေ) အဲ့ဒါနဲ့ နောက်နေ့လဲကြရော သူလာခေါ်မယ်ထင်ပြီးစောင့်နေတာပေါ့ သူကလေပေါ်မလာဘူးသိလား ဟီးဟီး ငယ်လေးတို့မှာ အူကြောင်ကြောင်နဲ့ပေါ့ ချိန်းထားတဲ့ အချိန်သာကျော်သွားတယ် သူကတော့ ရောက်မလာဘူးရှင် ရယ်လဲရယ်ချင်ပါတယ် ဒါလေးကတော့ အမှတ်တရပါပဲ။ အဲ့ဒီတုန်းက ငယ်လေး ၇တန်း ၈တန်းပဲရှိအုန်းမယ် ၁၂နှစ် ၁၃နှစ်အရွယ်ပေါ့ရှင် အခုအသက်၂၀ဆိုတော့ တော်တော်ကြာနေပါပြီ။ ဒါပေမဲ့ နှစ်တွေကြာလဲ ဒီအဖြစ်လေးကိုတော့ မေ့လို့မရပါဘူး။ သူငယ်ချင်းတို့လဲ ခရစ်စ္စမတ်မှာ ပျော်ရွှင်ပါစေနော်။

ဖုန်းလေးပေးတဲ့ဝေဒနာ

အမြဲပြောနေကျ ဖုန်းလေးတွေ့တိုင်း
ရင်မှာကြေကွဲ အမြဲခံစားရ
ကို သိနိုင်မှာလား။

တစ်ချိန်ကဆို
'ဟယ်လိုကိုကို' နှုတ်ခွန်းချိုလို့
ချစ်ခြင်းသံစဉ် ဖွဲ့ဆိုခဲ့ပေါ့။

နေကောင်းရဲ့လား အလေးထားမေး
လိမ္မာဖို့လဲ ဆုံးမပေးလို့
ကြင်နာဂရုထား မေတ္တာစကားကြောင့်
အမြဲပျော်မွေ့ ထိုစဉ်နေ့။

မမျှော်လင့်ပဲ ဝေးရချိန်မှာ
နှောင်ဖွဲ့စကား နေ့တိုင်းကြားလို
ဆုတောင်းမိတယ်။

မပြည့်သည့် ဆန္ဒ
ဖုန်းလေးတွေ့စဉ် ပိုလို့ပြင်းထန်
လွမ်းရပြန်တယ် ကိုရယ်
ခံစားပေးပါနော်။
ဒီကဗျာလေးက ငယ်လေးခံစားချက်နဲ့ တူနေလို့တင်ပေးလိုက်တာပါ။ ဒီကဗျာလေးကို ဖတ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်ကိုလဲ သတိရမိပါတယ်..

Tuesday 23 December 2008

ချစ်နိုင်ပါစေ

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?


ဒီပုံပြင်လေးကို သူငယ်ချင်းတစ်ယောက်ပို့ပေးတာပါ၊ ဒီပုံပြင်လေးဖတ်နေတဲ့အချိန်မှာ အပြင်မှာငယ့်ကိုလဲ အဲ့လိုချစ်နိုင်မဲ့ချစ်သူမျိုးရှိရင် ကောင်းမှာပဲလို့တွေးမိပါတယ်၊ သူငယ်ချင်းတို့လဲ ကောင်လေးလိုမျိုးချစ်တတ်တဲ့ ချစ်သူနဲ့ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Monday 22 December 2008

ကျေးဇူးတင်လွှာ

ငယ်အရင်ထဲက ဘလော့ရေးတာကို ဝါသနာပါပါတယ်။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး။ တစ်ခြားမှာပဲ အချိန်ကုန်နေခဲ့တယ်လေ။
ပြန်စဉ်းစားရင်တော့ အချိန်တွေက နှမြောစရာကြီးပဲ။ အခုလိုရေးဖြစ်အောင် တိုက်တွန်းပေးခဲ့တဲ့
ငယ်လေးရဲ့ အမတစ်ယောက်လိုရော သူငယ်ချင်းတစ်ယောက်လိုပါ ချစ်ရတဲ့ အစ်မနှင်းနန္ဒာကျော်ကို
အရမ်းကျေးဇူးတင်ပါတယ်နော်။ အခုမှ စာစရေးတာဆိုတော့ အမှားပါရင်လဲ ခွင့်လွှတ်ပေးကြပါနော်။
အားပေးတဲ့ သူငယ်ချင်းတွေအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။